အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ – GANHRI က ထုတ်ပယ်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၃
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ – GANHRI က ထုတ်ပယ်လိုက်ကြောင်း လွတ်လပ်သောနိုင်ငံ အဆင့် လူ့အခွင့်အရေးဆိုင်ရာ အရပ်ဖက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) ထံမှ သိရ သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) ၏ အစည်းအဝေး တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် – MNHRC သည် ပါရီအခြေခံမူများ၏ အနိမ့်ဆုံး လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရေး လုပ်ကိုင်ဆောင်ရွက်မှု မရှိကြောင်း အတည်ပြုပြောကြားကာ MNHRC ၏ အဆင့်သတ်မှတ်ချက်ကို ဖယ်ရှားရန် အကြံပြုခဲ့သည့် ၎င်း၏ ၂၀၂၃ ခုနှစ် အကြံပြုတိုက် တွန်းချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။
ထို့နောက် MNHRC မှ ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သော်လည်း အခြား GANHRI ဗျူရိုအဖွဲ့ဝင် များထံမှ လုံလောက်သော ပံ့ပိုးကူညီမှု မရခဲ့ကြောင်း၊ GANHRI သည် ယခုအခါ MNHRC ၏ အဆင့် သတ်မှတ်ချက်နှင့် အဖွဲ့ဝင်ဖြစ်နေခြင်းကို ၎င်းတို့ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှ ဖယ်ရှားရန် ဆုံးဖြတ် ချက်ကို အပြီးသတ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အုပ်စုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပြီး ယင်းဖြစ်စဥ် စတင်ချိန်ကတည်းက MNHRC သည် စစ်အုပ်စုနှင့် လုံးလုံးလျား လျား လက်တွဲပူးပေါင်းကာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှု များကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် – MNHRC က အစဥ်တစ်စိုက် နှုတ်ဆိတ်နေ ခြင်းနှင့် တုံ့ပြန်လုပ်ဆောင်မှုတစ်စုံတရာ မရှိနေခြင်းသည် ယုံကြည်စိတ်ချရသော၊ လွတ်လပ်အမှီ အခို ကင်းသော၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) များအတွက် စံနှုန်း သတ်မှတ်ထားသည့် ပါရီအခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း ထောက်ပြထားသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် – NHRC သည် စစ်အုပ်စု၏ လက်ဝေခံအဖြစ် အ လုပ်လုပ်ပေးနေပြီး စစ်အုပ်စု၏ မှားယွင်းသော ထုတ်ဖော်တင်ပြမှုနှင့် တင်ပြပြောဆိုမှုများကို ထပ် လောင်းသံယောင်လိုက် ပြောဆိုနေခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများမှ တ ရားဝင်မှုရရှိရေး ဆောင်ရွက်ပေးကာ စစ်အုပ်စု၏ ရာဇ၀တ်မှုများတွင် အလိုတူအလိုပါ လုပ်ဆောင် နေကြောင်း ဆက်လက်ပြောဆိုထားသည်။
“စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC ကို ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက် တဲ့ GANHRI ရဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို ကျမတို့က ကြိုဆိုတယ်။ ပါရီအခြေခံမူတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာကို GANHRI အနေနဲ့ လက်မခံဘူးဆိုတာကို ဒီဆုံးဖြတ်ချက်က မြန်မာပြည်သူတွေကို အတည်ပြုပေးလိုက်တာပဲ ဖြစ်တယ်။ APF နဲ့ SEANF တို့ လည်း GANHRI ရဲ့ ဆုံးဖြတ်ချက်နဲ့ အတူတကွ ရပ်တည်ပြီး MNHRC ကို သူတို့ရဲ့ သက်ဆိုင်ရာ လူ့ အခွင့် အရေးကွန်ရက်တွေကနေ ဖယ်ရှားပြီး တူညီတဲ့ အခြေခံမူနဲ့ အနှစ်သာရကို အချိန်ဆိုင်းမနေဘဲ ထုတ်ဖော်ပြသရပါမယ်။”ဟု ရှေ့ပြေးအသံအဖွဲ့၏ဥက္ကဌ ဒေါ်ခင်ဥမ္မာ က ပြောကြားသည်။
MNHRC ကို ဖယ်ရှားလိုက်သည့် ကမ္ဘာ့အကြီးဆုံး NHRI ကွန်ရက် GANHRI ၏ အဓိကကျသော ဆုံး ဖြတ်ချက်သည် အလုပ်အဖွဲ့နှင့် ANNI တို့မှ ၎င်းတို့၏ ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာ မိတ်ဖက် များနှင့်အတူ ၄ နှစ်နီးပါးကြာ တစိုက်မတ်မတ် ကြိုးပမ်းမှုများနှင့် ထပ်ခါတလဲလဲ တောင်းဆိုမှုများ ကြောင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး GANHRI ဗျူရိုအနေဖြင့် MNHRC ကို အဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်း ရန်နှင့် ၎င်း၏ “B” အဆင့်သတ်မှတ်ချက်ကို ဖယ်ရှားရန် မိမိတို့အားလုံးက အတူတကွ တိုက်တွန်း လာခဲ့ကြခြင်းဖြစ်သည်။
“ကျမတို့ အတန်ကြာစောင့်စားခဲ့ရတဲ့ MNHRC ရဲ့ အဆင့်သတ်မှတ်ချက်နဲ့ အဖွဲ့ဝင်ဖြစ်နေမှုကို ဖယ် ရှားလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် GANHRI ကို ကျေးဇူးတင်ပါတယ်။ ဒီသမိုင်းတွင်မယ့် ဆုံးဖြတ် ချက်ဟာ အရပ်ဘက်လူထုအဖွဲ့အစည်းတွေအတွက် အောင်ပွဲတစ်ရပ် ဖြစ်ပါတယ်။ ဒါဟာ ဒေသ တွင်းမှာ ပိုမိုခိုင်မာတဲ့ NHRI တွေ ပေါ်ပေါက်လာဖို့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်ရာမှာအောင် မြင်မှုတွေ ပိုရဖို့အတွက် မျှော်လင့်ချက်တစ်ရပ်လည်း ဖြစ်ပါတယ်။” ANNI ၏ အတွင်းရေးမှူး အဖွဲ့ ဖြစ်သည့် FORUM-ASIA ၏ အမှုဆောင်ဒါရိုက်တာ Mary Aileen Diez-Bacalso က ပြောဆိုသည်။
စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန်နှင့် အရည်အသွေး အ ဆင့် သတ်မှတ်ချက်အား ဖယ်ရှားလိုက်သည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Commission – GANHRI) ၏ အပြီး သတ်ဆုံးဖြတ်ချက် ချမှတ်လိုက်သည့်အပေါ် လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထု အဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အတိုကောက် “အလုပ်အဖွဲ့”) နှင့် အာရှ ဒေ သနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (Asian NGO Network on National Human Rights Institutions – ANNI) တို့မှ ကြိုဆို ထောက်ခံလိုက် ပြီး နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (Asia Pacific Forum – APF) နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) တို့ကလည်း အခြေခံမူများအပေါ် ရပ်တည်ချ မှတ်ခဲ့ သည့် GANHRI ၏ ဆုံးဖြတ်ချက်ကို လိုက်နာကာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် – MNHRC အား ၎င်းတို့၏လူ့အခွင့်အရေးကွန်ရက်များမှ ချက်ချင်းဖယ်ရှားရန် ဆက်လက် တိုက်တွန်း တောင်းဆိုထားသည်။
“MNHRC ဟာ ထိရောက်မှုရှိပြီး ဘက်လိုက်မှုမရှိတဲ့ လွတ်လပ်အမှီအခိုကင်းတဲ့ ကော်မရှင်တစ်ရပ် အဖြစ် လုပ်ကိုင်ဆောင်ရွက်ဖို့ လုံးဝပျက်ကွက်ခဲ့တယ်ဆိုတာကို မြန်မာပြည်သူတွေကလည်း သိထား ပြီးဖြစ်သလို ကာလရှည်ကြာ စောင့်မျှော်ခဲ့ရတဲ့ GANHRI ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျနော်တို့ ဝမ်းသာ ကျေနပ်မိပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်သူ တွေ အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ ဖြစ်ပေါ်စေပါတယ်။ ရှေ့ဆက်ပြီး ပါရီအခြေခံမူတွေနဲ့ အညီ လွတ်လပ်အမှီအခိုကင်းတဲ့ လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ရပ် တည်ထောင်ရေးအတွက် ကျနော်တို့ရဲ့ ကြိုးပမ်းမှုတွေမှာလည်း GANHRI အနေနဲ့ ပံ့ပိုးကူညီပေးလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။” ဟု အလုပ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် မျိုးဆက်လှိုင်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုဘိုဘို က ပြောကြားသည်။
ANNI သည် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း များကွန်ရက်ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာနကြီး (NHRI) များနှင့် ဆက်စပ်သည့် ကိစ္စအရေးများကို လုပ်ဆောင်နေသည့် အာရှဒေသရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ပါဝင်သော ကွန်ရက် တစ်ခု ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ANNI တွင် နိုင်ငံသို့မဟုတ် နယ်မြေဒေသ ၂၁ ခုမှ အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ဖွဲ့ ပါဝင် ပြီး ANNI အဖွဲ့ဝင်များသည် အာရှဒေသရှိ NHRI များမှ လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာ ကွယ်မြှင့် တင်နိုင်ရန်အတွက် ထို NHRI များ ၏ အလုပ်နှင့် လုပ်ငန်းဆောင်တာများ ပိုမိုခိုင်မာအား ကောင်း လာစေရေးကို အလေးထားလုပ်ဆောင်နေသူများ ဖြစ်ကြသကဲ့သို့ ထို NHRI များမှ ပါရီအခြေ ခံမူများနှင့် ကမ္ဘာလုံးဆိုင်ရာ GANHRI-SCA ၏ အထွေထွေလေ့လာ ဆန်းစစ်ချက်အပါအဝင် နိုင်ငံတ ကာ စံနှုန်းများကို ပို၍ ကောင်းမွန်စွာ လိုက်နာစေရေးအတွက်လည်း စည်းရုံးလှုံ့ ဆော်လျက်ရှိကြောင်း သိရသည်။
ANNI ကွန်ရက်ကို ၎င်းတည် ထောင်စဥ် ၂၀၀၆ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးနှင့်ဖွံ့ ဖြိုးတိုး တက်ရေးအာရှဖိုရမ် (FORUM-ASIA) မှ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးထား ကြောင်း သိရသည်။
လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ် အဖွဲ့ (မြန်မာ) (အလုပ်အဖွဲ့) က တရားမဝင် မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် (MNHRC) ကို သီးခြားလွတ်လပ်သော နိုင်ငံအဆင့်လူ့ အခွင့်အရေးဌာနအသစ်တစ်ခုဖြင့် အစားထိုးတည်ထောင်နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်နေသော ကွန်ရက်တစ်ခု ဖြစ်ကြောင်း သိရသည်။
အလုပ်အဖွဲ့ကို ယခင်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက်လူထု အဖွဲ့အစည်းများ အလုပ်အဖွဲ့ဟု သိကြပြီး လောလောဆယ်တွင် အဖွဲ့ဝင် ၂၀ ဖွဲ့ ပါရှိကြောင်း၊ အလုပ်အဖွဲ့သည် ၎င်း၏ တည်ထောင်ချိန် ၂၀၁၉ ခုနှစ်မှစ၍ တရားမဝင် စစ်အုပ် စု၏ အာဏာလုယူရေး ကြိုးပမ်းမှုနောက်ပိုင်းအထိ MNHRC ကို နိုင်ငံတကာစံသတ်မှတ်ချက်ဖြစ် သည့် ပါရီအခြေခံမူများနှင့်အညီ ထိရောက်သောကော်မရှင်ဖြစ်လာစေရန် တစိုက်မတ်မတ် လုပ် ဆောင်လာခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media