ငဖဲမြို့နယ်တွင် အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်သားများတိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး ၁၂ ဦးအအရှင်ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၆
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးကျေးရွာအနီးတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကြက်ရေစမ်းရွာစခန်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ကို ချင်းကာ ကွယ်ရေးတပ် – အရှို (CDF – Asho) မှ တားဆီးပိတ်ဆို့ဖမ်းဆီးခဲ့ရာ အသာတကြည်အဖမ်းခံခြင်း မပြု သဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ကျန်စစ်သား ၃ ဦးမှာ လက်နက်ချ အညံ့ခံ ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုအတွင်း အပြင်းအထန်ဒဏ်ရာရရှိသည့် စစ်သား ၂ ဦးကို CDF – Asho တပ် ဖွဲ့မှ အချိန်မီ ဆေးကုသမှု ပေးခဲ့သော်လည်း ကုသစဉ်အတွင်း သေဆုံးသွားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက် နေ့၌ ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး၊ ကပဖ ၁၄ နှင့် မီတာ ၂၀၀၀ ခန့်အကွာအဝေးနေ၌ အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားအင်အား (၁၀၀) ခန့်ကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ အသာတကြည်အဖမ်းမခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ကျန်အကြမ်းဖက်စစ်သားများမှာ ဖွဲ့စည်းပုံပျက်၍ ခြေဦးတည်ရာ ထွက်ပြေး နေပြီး ချင်းကာ ကွယ်ရေးတပ် – အရှို (CDF – Asho) မှ လိုက်လံရှင်းလင်း ဖမ်းဆီးခဲ့ရာ စစ်ကောင်စီ တပ်သား ၉ ဦးကို ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း ၊ ထို့ကြောင့် ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက် ၂ ရက် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
“၁၃ ရက်နေ့က လာတာက ၅ ယောက်လာတာ၊ ၂ ယောက်က သေနတ်မှန်တယ်၊ နှစ်ယောက်ကို မှန် ပြီးတဲ့အချိန်မှာ ကျန်တဲ့ ၃ ယောက်က လက်နက်ချလိုက်တာ၊ ၅ ယောက်လုံးတော့ အရှင်ဖမ်းမိတယ်၊ နှစ်ယောက်ကတော့ ဒဏ်ရာနဲ့ပါလာတာဖြစ်လို့ ကုသရင်းသေဆုံးသွားတာပါ။ ကျန်တဲ့ ၈ ယောက်မိ တယ်ဆိုတာကလည်း တနေရာတည်းမှာ ၈ ယောက်လုံးပြုံပြီးမိတာမဟုတ်ဘူး။ ဟိုတကွဲ ဒီတကွဲ မိတာ၊ တိုက်ပွဲဖြစ်တဲ့အနီးအနားမှာပဲ ၊ ၈ ယောက်နဲ့ ၃ ယောက်အတွင်းမှာမှ တခြားသီးသန့် ဖမ်းမိ တာ လည်းတစ်ယောက်ရှိပါတယ်၊ ၂ ရက်အတွင်းမှာ စုစုပေါင်း ၁၂ ယောက်မိခဲ့တာပါ” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောကြား သည်။
ဖမ်းဆီးရရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်အတူ လက်နက်ငယ် ၁၅ လက်၊ စိန် ပြောင်း ၁ လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း ချင်းကာကွယ်ရေးတပ် – အရှို က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media