ရေးမြို့နယ်၊ ကျုံးလောင်းကျေးရွာအနီးတွင် တိုက်ပွဲကြီး ၃ ကြိမ် ပြင်းပြင်းထန်ထန်ဖြစ်ပြီး စစ်သား ၇၀ ခန့်သေဆုံး ၊ ယနေ့အထိလည်း နှစ်ဖက်မျက်နှာချင်းဆိုင်ထား
ရန်ကုန်၊ ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံးလောင်းကျေးရွာအနီးတွင် တိုက်ပွဲကြီး ပြင်းပြင်းထန်ထန် ၃ ကြိမ်ဖြစ် ဖြစ်ပြီး စစ်သား ၇၀ ခန့်သေဆုံးခဲ့ပြီး ယနေ့အထိလည်း မျက်နှာချင်းဆိုင်အနေအထားတွင်ရှိကြောင်း Mon State Revolutiolution Force – MSRF ထံမှ သိရသည်။
ဇန်နဝါရီလ ၉ ရက်န့က ရေးမြို့နယ်၊ အခြေစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ – ၃၁၊ ခလရ – ၆၁၊ ခလရ – ၁၀၆၊ ခမရ – ၂၉၉၊ ခမရ – ၃၄၃၊ ခမရ – ၅၈၆၊ ခမရ – ၅၈၇၊ ခမရ – ၅၈၃၊ ခမရ – ၅၉၁၊ အမတ – ၃၁၆ တို့မှ အင်အား ၄၀၀ ခန့်ဖြင့် စကခ ၁၉ နှင့် ၄ မိုင်ခန့်အကွာရှိ ကျုံးလောင်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သတင်းထုတ်ပြန်ကြေညာထားတဲ့အတိုင်းပဲ တိုက်ပွဲကြီး ၃ ပွဲနဲ့ တိုက်ပွဲငယ်လည်းဖြစ်ခဲ့တဲ့အပေါ်မှာ မြေပြင်သတင်းအရတော့ တခြားသော ပြောလို့မရတဲ့ သတင်းအချက်အလက်အရဆိုရင် ရန်သူက ၇၀ ထက် မနည်း သေဆုံးခဲ့တယ်၊ သေကြတယ်၊ အင်အား ၂၀ ၊ ၃၀ လောက်က ဒဏ်ရာရတယ် ဆို တာ သတင်းရရှိထားပါတယ်၊ ကျနော်တို့တော်လှန်ရေးဘက်ကတော့ ဒီနေ့အထိ မပြင်းထန်တဲ့ ဒဏ်ရာ ၊ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ၃ ယောက်ရရှိတာရှိတာရှိပါတယ်၊ ကျဆုံးတာမရှိပါဘူး” Mon State Revolutiolution Force – MSRF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်လျက်ရှိ သည့်အပြင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်မျက် နှာချင်း ဆိုင် အနေအထားတွင် ရင်ဆိုင်ထားကြောင်း သိရသည်။
“အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့အထိ ကျုံလောင်းရွာ ဒေသတဝိုက်မှာ အင်အား ၄၀၀ ကျော် လောက်နဲ့ လှုပ်ရှားနေတာဖြစ်တယ်၊ စစ်ကြောင်းတွေ ထိုးနေတာဖြစ်တယ်၊ တိုက်ပွဲက ၉ ရက်နေ့က စပြီးတော့ တိုက်ပွဲကြီး ၃ ပွဲဆက်တိုက်ဖြစ်ခဲ့တယ်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်ဖြစ်ခဲ့တယ်၊ အဲဒီ ၁၁ ရက် နေ့မှာတော့ ရန်သူဘက်က ဂျက်လေယာဉ်သုံးပြီးတော့ တစ်ခါ ဗုံး ၄ လုံးကျဲခဲ့တာရှိတယ်၊ နောက်ပြီးတော့ လေယာဉ်ပေါ်ကနေ စက်လက်နဲ့ပစ်ခဲ့တာလည်းရှိတယ်၊ အဲဒီ ၁၁ နေ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်က အင်အား ထပ်ဖြည့်တင်းထားတာတွေရှိတယ်၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ် ခတ်နေတာတွေရှိတယ်၊ ဒီနေ့ ၁၆ ရက်နေ့မှာတော့ အားလုံးတိတ်ဆိတ်ငြိမ်သက်နေတာတော့တွေ့ရ တယ်၊ ဒီနေ့ဆိုရင် လက်နက်ကြီးတောင်မပစ်ဘူး။ ဒါပေမယ့် ရန်သူက လုံးဝဆုတ်သွားတာမရှိသလို ကျနော်တို့ဘက်ကလည်း တိုက်ပွဲက မျက်နှာချင်းဆိုင် ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ရှိနေတယ်” ဟု Mon State Revolutiolution Force – MSRF တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media