ကျောက်တော်မြို့ရှိ ဈေးနှင့်ရပ်ကွက်အတွင်း စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး လူနေအိမ်နှင့်ဈေးဆိုင်ခန်းများ ပျက်စီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဈေးနှင့်ရပ်ကွက်များအတွင်းသို့ အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး လူနေအိမ်များ၊ ဆိုင်ခန်း များ ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီတွင် တစ်ကြိမ်၊ ၉ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်နှင့် ၉ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ကျောက် တော်မြို့ပေါ်ရှိ ရပ်ကွက် နှင့် ဈေး အပါအဝင် လူနေထူထပ်သည့် နေရာများကို အဓိက ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဗုံးသီး ၁၅ လုံးခန့် ကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ အရပ်သား ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွား လမ်းလာ အရပ်သားပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ များလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း၊ ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုးမှု အရေအတွက်များကို ဆက်လက်တင်ပေးသွားမည်ဖြစ်ကောင်း အာရက္ခတပ်တော်-AA က အသိပေးထားသည်။
Photo – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ရမ်းဗြဲမြိုနယ်၊ ကျောက် နီမော်ကျေးရွာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့မှုကြောင့် မီးလောင်နေသည့်မြင်ကွင်း
ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်ကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီ မော်ကျေးရွာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့အတွင်း ကျရောက် ပေါက်ကွဲပြီး နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။
ထိုအပြင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးလောင်သေဆုံးခဲ့ရပြီး လက်ရှိ အချိန် အထိ ပြုစုနေသောစာရင်းများအရ သေဆုံးသူ ၂၆ ဦး နှင့် အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ ၁၂ ဦး နှင့် အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ ၁၅ ဦးအထက်ရှိခဲ့ကြောင်း၊ အလောင်းရှာမတွေ့ဘဲ ပျောက် ဆုံးနေသော သူများရှိနေသေးသဖြင့် သေဆုံး ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင် ကြောင်း သိရသည်။
အာရက္ခဒေသတွင် စစ်ရှုံးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ သည့် နေရာများတွင် ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နှင့် လူနေရပ်ကွက်များကို လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နေစဉ်နှင့်အမျှ ပြုလုပ် လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လျက်ရှိကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media