လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းအား တိုက် ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ယာယီစစ်ကြောင်းမှူးအပါအဝင် ၈ ဦးကျော်သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၀
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသော စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ ယာယီစစ်ကြောင်းမှူးအပါအဝင် ၈ ဦးကျော်သေဆုံး ခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုထံမှ သိရသည်။
ဇန်နဝါရီလ ၇ ရက် နံနက် ၆ နာရီခန့်က လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို စမ်းလှမ်းကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်မှ ဗိုလ်ကြီး အဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး ၁ ဦးအပါ အဝင် ၈ ဦးကျော်သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လောင်းလုံးမြို့ထဲကမြို့စောင့်တပ်ပါ၊ အဲဒီမြို့စောင့်တပ်က ပတ်ကင်းအမြဲတမ်းထွက်တယ်၊ အဲဒါကို ချောင်းမြောင်းပြီးတော့ တိုက်ခိုက်ခဲ့တာ။ စစ်သင်္ဘောက စမ်းလှမ်းပင်လယ်ပြင်နားကနေပစ်တယ်။ ခွေးစစ်ကြောင်းက ထွက်လာတုန်းက ၄၀ လောက်ထွက်လာတဲ့အချိန်မှာ ကျနော်တို့နဲ့ထိတွေ့မှုဖြစ် တော့ ၈ ယောက်ကသေသွားတယ်ဆိုတော့ ၃၀ ကျော်လောက်လောင်းလုံးမြို့ထဲပြန်ဝင်သွားတာ” ဟု ထားဝယ်ခရိုင် တပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအနီးရှိ ပင်လယ်ပြင်၌ နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်ကာ ကျန်အ ကြမ်းဖက်စစ်သားများမှာ လောင်းလုံးမြို့တွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ဦးဆောင်မှုဖြင့် နွေဦးပြောက်ကျား တပ်ဖွဲ့နှင့် အတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နွေဦးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ၁ ဦးသည် တိုင်းပြည် နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း သိရသည်။
ထားဝယ်ခရိုင်တပ်ပေါင်းစုအနေဖြင့် ရှေ့ဆက်၍ စစ်ရေးအရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည် ဖြစ် သည့်အတွက် “ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ပြုလုပ်လျက်ရှိသော ကျည်ငါးသောင်းရရှိရေးကမ်ပိန်း” တွင် တော်လှန်ပြည်သူများမှ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
Thanlwin Myanmar Media