အရာတော်မြို့နယ်၊ ဝါးတန်းရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ထိခိုက် သေဆုံးမှုရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၈
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Black Hero LPDF တပ်ဖွဲ့ ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီ ၃၂ မိနစ်က မုံရွာမြို့မှ အင်အား ၁၅၀ ခန့်ဖြင့် အရာ တော်မြို့နယ် ဘက်သို့ ထွက်ခွာ လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို အရာတော်မြို့နယ် ၊ ဝါးတန်းကျေးရွာ အနောက်ဘက်အရောက် ၆၀ မမ လက်နက်ကြီးဖြင့် ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ် ကြောင်း သိရသည်။
“အထိအခိုက်ကတော့ရှိတယ်။ အသေအပျောက်က သေချာမသိရဘူး။ အဲဒီစစ်ကြောင်းက လက်ရှိ ကျွန်းကိုးပင်ဘက်မှာရောက်နေပြီ။ အရာတော်ဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းကလည်း ကမ်းဖြူရွာမှာရောက်နေတယ်။ မုံရွာကနေ ထွက်လာတဲ့ စစ်ကြောင်းကို အရာတော်ဘက်ကနေ တစ် ကြောင်းထွက်ပြီး လာကြိုတာ၊ စစ်ကြောင်းလမ်းကြောင်းပေါ်မှာရှိတဲ့ ရွာတွေကတော့ ထွက်ပြေး နေကြရတယ်၊ ဓားစာခံပြည်သူတွေလည်း ဖမ်းဆီးခံရတာရှိတယ်၊ တချို့တော့ ပြန်လွှတ်ပေးတယ်လို့ သိရတယ်” ဟု Black Hero LPDF တပ်ဖွဲ့ တာဝန်ခံ BK က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Hero LPDF တပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၂၇ – Black Dragon ၊ နယ်စည်းမခြား ကမျဉ်းနီ လက်နက်ကြီးတပ်ဖွဲ့နှင့် Brother Revolution Force – Monywa တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် မုံရွာမြို့နယ်အတွင်းရှိ ရွာထုံ ရွာ၊ ကျောက္ကာရွာအပါအဝင် စစ်ကြောင်းလမ်းကြောင်းပေါ်ရှိကျေးရွာမှ ပြည်သူများ ထွက်ပြေး တိမ်း ရှောင်နေကြရကြောင်း သိရသည်။
“ကျနော်တို့တပ်ဖွဲ့က Local တပ်ဖွဲ့လေးဖြစ်တော့ အလှူငွေမရတာကြာပြီ။ ရှိတာလေးနဲ့ တိုက်ခိုက် နေတာ၊ တော်တော်လေးခက်ခဲနေလို့ မိုင်းမဆွဲရတာကို ကြာနေပြီမို့ မိဘပြည်သူတွေအနေနဲ့ ကျနော် တို့ Black Hero LPDF လေးကနေ လာရောက်ကူညီပေးပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Black Hero LPDF တပ်ဖွဲ့ တာဝန်ခံ BK က ပြောဆိုသည်။
Thanlwin Myanmar Media